ရပ်နေသူအရှုံး

(တစ်)

အခုရေးမယ့်စာကတော့ နာမည်တွေကို အကုန်လွှဲပြီး ရေးမှဖြစ် မယ့် စာမျိုးဖြစ်တာကြောင့် လွှဲပါ ရစေလို့ပဲ စကားဦးသန်းထားပါရ စေ။ ရေးမယ့်အထဲမှာ ပါနေတာ တွေက အလွန်ထင်ရှားတဲ့ ဗုဒ္ဓသာ သနာပြုရဟန်းတော်တစ်ပါး၊ တပ်မတော် အရာရှိကြီးတစ်ဦးနဲ့နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက်တို့ရဲ့ အကြောင်းကို အ ခြေခံထားတာဖြစ်နေလို့ပါ။

ကဲ...ရဟန်းတော်တစ်ပါးက နေပဲ စလိုက်ကြရအောင်ပါ။

(နှစ်)

ဆရာတော်က နိုင်ငံတော်က ဆက်ကပ်လှူဒါန်းတဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေတော် တော်များများကို ရရှိထားတဲ့ကျမ်း ပြုဆရာတော်ဘုရားပါ။ နိုင်ငံနဲ့ ချီလို့လည်း ထင်ရှားသူပါ။ ဆိုကြ ပါစို့ အရှင်ဥတ္တမလို့။

တစ်ခါမှာတော့ အဲသည့်ဆရာတော်ဟာ သူ့ဇာတိအညာရွာ ကလေးတစ်ရွာရှိရာဆီကို အမှတ်တရ ပြန်ကြွလာပါတယ်။ ထုံးစံအ တိုင်း ဖုန်တထောင်းထောင်းပေါ့။ ဒကာတစ်ယောက်မောင်းနှင်တဲ့ တော်တော်ကောင်းတဲ့ ကားနဲ့ရွာ ကို ဝင်တဲ့အခါ ရွာထိပ်မှာ ခြင်း ဝိုင်းရှိပါတယ်။ ကားက ခြင်းဝိုင်း နားရောက်တဲ့အခါ အရှိန်ကို နည်းနည်းလျှော့ပြီး ဝင်တာကြောင့် ခြင်းခတ်နေသူတစ်စုက ဘယ်သူ့ကား ပါလိမ့်ဆိုတဲ့အတွေးနဲ့ လှမ်းပြီး စေ့ငုကြတဲ့အခါ နည်းနည်းငယ်သူ ရွယ်သူတွေက မသိကြပေမယ့် ဆရာတော်ဘုရားနဲ့ လေးငါးနှစ် လောက်သာ ကွာသူ ရွာသားကြီး တစ်ယောက်က သိပါတယ်။

ကားကျော်လွန်သွားပြီးတဲ့ နောက် ခဏရပ်လိုက်တဲ့ခြင်းဝိုင်း ကို ပြန်မစမီမှာ သိသူရွာသားကြီး ပြောလိုက်ပုံကို ကြည့်ပါဦး။

"ဘယ်သူများလဲလို့ကွာ၊ အောင်ဝင်းကိုများ"

ကြောက်စရာကောင်းလိုက် တာ။ ငယ်ငယ်တုန်းကတော့ ရွာ မှာ အောင်ဝင်းဖြစ်ချင်လည်း ဖြစ် ခဲ့ပေမပေါ့။ ဒါပေမဲ့ အခု အောင် ဝင်းမဟုတ်တော့ဘူးလေ။ အောင်ဝင်းက ရပ်နေတဲ့သူမဟုတ်ဘူး လေ။ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ၊ တစ်စတစ်စနဲ့ ရွေ့နေခဲ့တဲ့ ပုဂ္ဂိုလ်။ ပရိယတ္တိ နဲ့ အထက်ကို မြင့်မြင့်တက်လာ နေတဲ့ပုဂ္ဂိုလ်။ သာသနာပြုဆရာ တော်အရှင်ဥတ္တမ။

ခြင်းဝိုင်ဲးက လူက ရပ်နေတဲ့ ပုဂ္ဂိုလ်။ အရင်တုန်းကလည်း ခြင်း ဝိုင်းထဲမှာ။ အခုလည်း ခြင်းဝိုင်းထဲ မှာ။ သူက သူ ရွေ့မသွားသလိုပဲ သူတစ်ပါးရွေ့သွားတာကို လက် သင့်မခံနိုင်သူ။ အသိအမှတ်မပြု နိုင်သူ။

(သုံး)

နောက်တစ်ခါ ဆက်ပြော ချင်တာက တပ်မတော်အရာရှိ တစ်ဦးနဲ့ ပတ်သက်လို့ပါ။ ဗိုလ်မှူး ချုပ်တစ်ယောက်လို့ပဲ ဆိုကြပါစို့ ရဲ့။ နာမည်အလွဲကိုပြောရရင် ဗိုလ်မှူးချုပ် လဂွန်းအိမ်လို့ပဲ ဆို လိုက်ကြပါစို့ရဲ့။

တစ်ရက်မှာ သူ့ရွာက ငယ် သူငယ်ချင်းတွေ လမ်းကြုံတာနဲ့ အဲသည့် ဗိုလ်မှူးချုပ်တို့ တပ်ရှိရာ တောင်ပေါ်မြို့ကလေးတစ်မြို့ကို ရောက်လာပါတယ်။ ဒါနဲ့ ငါတို့ ရွာသားကြီး ဗိုလ်မှူးချုပ်ရှိရာ တပ် ရှေ့ကို ရောက်လာကြရောလို့ဆို ပါတော့။

အဲသည်မှာ ဂိတ်တာဝန်ကျ တဲ့ တပ်မတော်သားကလေးက မေးပါတယ်။ ဘာကိစ္စလဲ။ ဘယ်သူနဲ့ တွေ့ချင်သလဲဆိုတဲ့ စကား တွေပါ။

"လဂွန်းအိမ်ရှိသလားကွ" တဲ့။

မေးပုံက။ မင်းတို့ကသာ အ ရိုအသေပေးနေကြတာ။ အဲဒါ ငါ တို့သူငယ်ချင်း။ ဘာမှ မဟုတ်ဘူး ဆိုတဲ့ သဘောထားမျိုးနဲ့ပေါ့။ စစ် သားကလေးကလည်း စကားအ ရာလိမ္မာပါတယ်။ ပြန်ပြောပုံက...‘‘လဂွန်းအိမ်မရှိဘူးဗျ။ အဲ... ဗိုလ်မှူးချုပ် လဂွန်းအိမ်တော့ရှိ တယ်’’တဲ့။

ကောင်းလိုက်တဲ့အဖြေ။ ခင် ဗျားတို့ချင်း ရင်းနှီးကြလို့ ဘယ်လို ပဲခေါ်ခေါ်၊ ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ၊ အဲဒါ ခင်ဗျားတို့ချင်း ကိစ္စ။ တပ်မှာကတော့ ကျုပ်တို့ အရာရှိ။ ဗိုလ်မှူးချုပ်လဂွန်းအိမ်။ ဒါပဲသိတယ်။ လဂွန်းအိမ်ရိုးရိုး မရှိဘူးဆိုတဲ့စိတ်ဓာတ်။

တကယ်တော့လည်း ရွာက သူငယ်ချင်းတွေအနေနဲ့ ဆိတ် ကွယ်ရာမှာ ဘယ်လိုပဲခေါ်ခေါ်၊ ဘယ်လိုပဲ ထွေးလားလုံးလားဖြစ် ဖြစ် လက်အောက်ငယ်သားတစ် ယောက်ရဲ့ရှေ့မှာ မင်းတို့ရဲ့အရာ ရှိကြီးဟာ ဘာမှ မဟုတ်ပါဘူးကွာဆိုတဲ့ အချိုးမျိုး ဆက်ဆံတာက တော့ ဘယ်သူမှ ကြိုက်နိုင်လိမ့် မယ်မထင်ပါဘူး။

ရပ်ကျန်နေခဲ့တဲ့ ရွာသား တွေအနေနဲ့ အရှေ့ကို တအား ရွေ့သွားပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ အနေအထားကို အလေးထားမှု တော့ ရှိရပေမှာပေါ့။

(လေး)

နောက်တစ်ယောက်က ရုပ် ရှင်မင်းသား။ အကယ်ဒမီတွေ ဘာတွေ ရတဲ့အထိ သရုပ်ဆောင် ကောင်းတဲ့မင်းသားပေါ့။

ရုပ်ရှင်လောကကို မဝင်ခင် တုန်းက သူတို့ဒေသထွက်အသီး အနှံတွေကို ရောင်းပြီး ကောင်း ရောင်းကောင်းဝယ်အသက်မွေးခဲ့ တဲ့ပုဂ္ဂိုလ်ပါ။

နောက်တော့ ရုပ်ရှင်လော ကထဲကိုဝင်၊ သရုပ်ဆောင်က ကောင်းဆိုတော့ကာ ထိပ်တန်း မင်းသားဘဝကို ဟိန်းခနဲ၊ ဟုန်းခနဲ ရရှိသွားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမဲ့  တစ်ခါက သူ့တစ်ဘဝဖြစ်ခဲ့ရာ သစ်သီးဈေးထဲမှာက သူ့အနုပညာဟာ ဘာမှ မဟုတ်သလိုကြီးပါ။

လိမ္မော်သီး၊ ပန်းသီးရောင်း တဲ့ကောင်ပါကွာတို့၊ လိမ္မော်သီး ကားလာနေပြီဟေ့တို့၊ ပန်းသီး ရောင်းတဲ့ခွေးသားကို ဘာများ ကြိုက်နေကြပါလိမ့်တို့ဆိုတဲ့ အ သံတွေနဲ့ ပြက်ချော်ချော်ပြောကြ စမြဲပါ။ လက်ခံရမှာကို ဝန်လေး နေကြတဲ့ပုံတွေပါပဲ။

(ငါး)

တချို့လူတွေက ရပ်နေကြ တယ်။ တချို့က ရွေ့သွားကြ တယ်။ ရပ်နေသူတချို့က ရွေ့ သွားနိုင်သူများကို အားပေးတတ် ကြ၊ အသိအမှတ်ပြုတတ်ကြ၊ တန်ဖိုးထားတတ်ကြတယ်။ တချို့ ရပ်နေသူများကတော့ ရွေ့သွားသူတွေကိုတောင် ရှုတ်ရှုတ်ချချ ပေါ့ ပေါ့ရွှတ်ရွှတ်နဲ့။

ကိုယ်ရပ်နေလို့ ရပ်နေမှန်း မသိ၊ သူများရွေ့လို့ ရွေ့မှန်းမသိ တဲ့အဖြစ်ဟာ ရှုံးလိုက်တာ။
post by::မောင်သာချို

Copied from 7Day Daily webpage.


No comments